❑ လိမ်လည်အတုပြုမှု (Forgery)
❛ လိမ်လည်အတုပြုမှု +
စာရွက်စာတမ်းလိမ်လည်အတုပြုမှု
အကြောင်းကို အသေးစိတ်နားလည်ရန်
ပုဒ်မ ၄၆၃ ၊ ပုဒ်မ ၄၆၄ တို့၏
ပင်ရင်း အဓိပ္ပာယ်များကို သိဖို့လိုအပ်ပါသည်။❜
❍ လိမ်လည်အတုပြုမှု (ပုဒ်မ ၄၆၃ ) |
======
လိမ်လည်အတုပြုမှုဆိုသည်မှာ -
မည်သူမဆို အောက်ပါအဓိကအချက်များဖြင့်
မဟုတ်မမှန်သော စာတမ်းအမှတ်အသား တစ်ခုခုကို (သို့မဟုတ်) စာတမ်း၏ တစ်စိတ်တစ်ပိုင်းကို ပြုလုပ်ခြင်းသည် လိမ်လည်အတုပြုမှုကို ကျူးလွန်ခြင်းဟု သတ်မှတ်နိုင်၏။
➩ အဓိကရည်ရွယ်ချက်များ
၁။ ပျက်စီးဆုံးရှုံးစေရန်/ ထိခိုက်နစ်နာစေရန်
အခြားသူတစ်ဦးဦးကို ငွေကြေး၊ ဂုဏ်သိက္ခာ
စသည်ဖြင့် ဆုံးရှုံးစေခြင်း။
▣ ဥပမာ:
ကုမ္ပဏီစာရင်းရှင်းတမ်းပေါ်ရှိ အချက်အလက်နှင့် ငွေပမာဏများကို မှားယွင်းပြုပြင်၍ တစ်စုံတစ်ယောက်အား ဆုံးရှုံးမှု နစ်နာမှု ဖြစ်စေရန်။
၂။ ပိုင်ဆိုင်ခွင့် ထောက်ခံရန်
မိမိတွင် ပိုင်ဆိုင်ခွင့်မရှိဘဲ အတုစာရွက်ဖြင့်
ပိုင်ဆိုင်ခွင့်ရှိသူအဖြစ် သက်သေပြခြင်း။
▣ ဥပမာ:
သူတစ်ပါးပိုင် မြေကွက်ကို ရယူလို၍ မြေပိုင်ဆိုင်မှု
စာချုပ်ပေါ်တွင် လက်မှတ်အတုထိုးခြင်း။
၃။ ပစ္စည်းလက်လွတ်စေရန်
အခြားသူ၏ ပစ္စည်းကို မိမိရယူရန် သို့မဟုတ်
သူတစ်ပါးအား ပေးလိုက်စေရန်။
▣ ဥပမာ:
ငွေကြေးပြန်လည်ပေးဆပ်ပြီးကြောင်း ပြေစာအတု ဖန်တီး၍ ငွေကြေးတောင်းဆိုသူအား လက်လွတ်ဆုံးရှုံးစေခြင်း။
၄။ ပဋိညာဉ် (Contract) ပြုရန်
တရားဝင် သဘောတူညီမှု (စာချုပ်) တစ်ခုကို
အတုအယောင်ဖြင့် ချုပ်ဆို၍ အကျိုးဆက် ရယူခြင်း။
▣ ဥပမာ:
ပိုင်သောမြေအပြင် ဘေးကပ်လျက်မြေကိုပါ မိမိအပိုင်ဖြစ်ကြောင်း စာရွက်အတုများဖြင့် ဝယ်သူနှင့် အရောင်းအဝယ်စာချုပ် ချုပ်ဆို ရောင်းချခြင်း။
၅။ လိမ်လည်လှည့်ဖြားမှု ကျူးလွန်ရန်
ဤအတုစာရွက်ကို အသုံးပြု၍ အခြားသူတစ်ဦးဦး
အား လှည့်ဖြားခြင်း ပြုလုပ်ရန်။
▣ ဥပမာ:
ပိုင်ဆိုင်ခွင့်မရှိသည့် မြေကွက်ကို ဝယ်သူယုံကြည်စေရန်အတွက် အခွန်ပြေစာအတု များနှင့် စာချုပ်စာတမ်းအတုပြုလုပ်၍ လိမ်လည်ရောင်းချခြင်း။
________________________________________
❍ စာရွက်စာတမ်းအတု ပြုလုပ်ခြင်း (ပုဒ်မ ၄၆၄)
=======
စာရွက်စာတမ်းအတု ပြုလုပ်ခြင်းဆိုသည်မှာ -
တရားဝင်စာရွက်များကို လိမ်လည်လိုသော ရည်ရွယ်ချက်ဖြင့် အတုအယောင် ပြုလုပ်ခြင်း၊ လက်မှတ်အတုထိုးခြင်း သို့မဟုတ် အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲခြင်းတို့ ဖြစ်သည်။
➩ ပြုလုပ်သည့် ပုံစံများ
၁။ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါး အမည်ခံခြင်း
▣ ဥပမာ:
သူတစ်ဦး၏ လက်မှတ်အတုကို ထိုးခြင်း၊ သို့မဟုတ် စာချုပ်မချုပ်ဆိုရသေးဘဲ ချုပ်ဆိုပြီးပြီဟု လိမ်လည်ပြသခြင်း။
၂။ မရိုးမဖြောင့်သော သဘောဖြင့် ပြုပြင်ပြောင်းလဲခြင်း
▣ ဥပမာ:
ငွေကြေးပမာဏကို တိုးရေးခြင်း၊ သို့မဟုတ် စာချုပ်ပါ သဘောတူညီချက်၏ အရေးပါသော အချက်အလက်ကို ဥပဒေအရ အခွင့်မရှိဘဲ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ခြင်း။
၃။ အားနည်းသူ သို့မဟုတ် လှည့်ဖြားခံရသူကို အသုံးချခြင်း
▣ ဥပမာ:
အသက်ကြီး၍ စာမဖတ်တတ်သူကို ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်ဖြစ်ကြောင်း မပြောဘဲ ရိုးရိုးလက်မှတ်ထိုးရန် စာရွက်ဟု လိမ်လည်၍ လက်မှတ်ထိုးခိုင်းခြင်း။
________________________________________
❍ ပြစ်မှုမြောက်ရန်အတွက်
မရိုးမဖြောင့်သော ရည်ရွယ်ချက် ဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုအယောင်ပြုလုပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ၊ လက်ဝယ်ထားခြင်းများဖြစ်ရပါမည်။
❍ ပြစ်ဒဏ်များ
➩ လိမ်လည်အတုပြုမှုသည် အတုပြုလုပ်သော
စာရွက်စာတမ်း အမျိုးအစားအလိုက်
ပြစ်ဒဏ်ကြီးလေးမှု ကွာခြားပါသည်။
➩ ဉီးစွာ ဤအပိုင်း၌ ယေဘုယျဖြင့်သာ
အကျဉ်ချုပ်ဖော်ပြ၍ နောင်လာမည့်
အပိုင်း(၂)၌သာ အကျယ်တဝင့်ဖော်ပါမည်။
⊝ ပြစ်ဒဏ်
▣ ပုဒ်မ ၄၆၅ = ယေဘုယျ စာရွက်စာတမ်းအတု
ပြုလုပ်မှုအတွက်
⊝ ထောင်ဒဏ် (၂) နှစ်အထိ၊ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်သည်။
▣ ပုဒ်မ ၄၆၆ = တရားရုံးမှတ်တမ်း သို့မဟုတ်
အစိုးရမှတ်ပုံတင်စာရွက်စာတမ်း အတုအတွက်
⊝ ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်ပြီး၊ ငွေဒဏ်လည်း ချမှတ်နိုင်သည်။
▣ ပုဒ်မ ၄၆၇ = အဖိုးတန်လုံခြုံရေးစာရွက်စာတမ်း
အတု အတွက်
⊝ အနှစ် နှစ်ဆယ် သို့မဟုတ် ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်ပြီး၊ ငွေဒဏ်လည်း ချမှတ်နိုင်သည်။
▣ ပုဒ်မ ၄၆၈ = လိမ်လည်လှည့်ဖြားရန် ရည်ရွယ်
ချက်ဖြင့် အတုပြုလုပ်မှု အတွက်
⊝ ထောင်ဒဏ် (၇) နှစ်အထိ၊ ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။
▣ ပုဒ်မ ၄၆၉ = ထိခိုက်နစ်နာစေရန် ရည်ရွယ်
ချက်ဖြင့် အတုပြုလုပ်မှုအတွက်
⊝ ထောင်ဒဏ် (၃) နှစ်အထိ၊ ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။
▣ ပုဒ်မ ၄၇၁ = အတုမှန်းသိလျက်နှင့် စာရွက်စာတမ်း
အတုကို အစစ်အမှန်သဖွယ် သုံးစွဲမှု အတွက်
⊝ မူလအတုပြုလုပ်မှုအတွက် သတ်မှတ်ထားသည့် ပြစ်ဒဏ်ကိုပင် ချမှတ်ခံရမည်ဖြစ်သည်။
▣ ပုဒ်မ ၄၇၂ = ပုဒ်မ ၄၆၇ အရ ပြစ်ဒဏ်ထိုက်သည့်
လိမ်လည်အတုပြုမှုအတွက်
အသုံးပြုမည့် တံဆိပ် သို့မဟုတ် ကိရိယာအတုပ
ပြုလုပ်ခြင်း၊ လက်ရှိထားခြင်းအတွက်
⊝ အနှစ်နှစ်ဆယ်ထိဖြစ်စေ၊ ထောင်ဒဏ် (၇) နှစ်အထိ၊ ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။
▣ ပုဒ်မ ၄၇၄ = အတုမှန်းသိလျက်နှင့် အဖိုးတန်
စာရွက်စာတမ်းအတုကို လက်ဝယ်ထားရှိခြင်း
အတွက်
⊝ မူလအတုပြုလုပ်မှု (ပုဒ်မ ၄၆၇) အတွက် သတ်မှတ်ထားသည့် အနှစ် နှစ်ဆယ် သို့မဟုတ် ထောင်ဒဏ် (၁၀) နှစ်အထိ ခံရမည်။
________________________________________
❜ စာရွက်အတုကို ကိုယ်တိုင်မပြုလုပ်သော်လည်း
အတုမှန်းသိလျက်နှင့် အခြားကိစ္စများတွင် အသုံးပြုပါက (ပုဒ်မ ၄၇၁) ပြစ်မှုမြောက်ပြီး မူလအတုလုပ်သူနည်းတူ ပြစ်ဒဏ်ခံရမည်ဖြစ်သည်❜
➩ ဉီးစွာ ဤအပိုင်း၌ ပြစ်ဒဏ်များကို
ယေဘုယျဖြင့်သာ
အကျဉ်ချုပ်ဖော်ပြ၍ နောင်လာမည့်
အပိုင်း(၂)၌သာ အကျယ်တဝင့်ဖော်ပါမည်။
BY BNT - အထက်တန်းရှေ့နေ
[ ဥပဒေရေးရာအထွေထွေဆွေးနွေးရာ]
#BNTLAYER အား Credit ပေး၍ လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်။
#လိမ်လည်မှု #စာချုပ်အတု #စာရွက်အတု #လိမ်လည်တုပြု #အတု #ပုဒ်မ၄၆၃ #ပုဒ်မ၄၇၁ #ပုဒ်မ၄၇၂ #ပုဒ်မ၄၆၆ #ပုဒ်မ၄၆၈ #ပုဒ်မ၄၆၉
#လက်မှတ်အတု
Comments
Post a Comment